05 October 2012

**ပထမဆုံးသောကျောက်စိမ်းဆင်းတုတော်**

ပထမဆုံးသော ကျောက်စိမ်းစေတီ အမရပူရတွင်တည်မည်
Saturday, September 15, 2012

ကျောက်စိမ်းတန် ၇၀၀ အသုံးပြု၍ စေတီနှင့်အတူ ကျောက်စိမ်းဓမ္မာရုံကိုပါ ကျပ်သိန်းပေါင်းသောင်းချီ ကုန်ကျခံကာ ကျောက်စိမ်းအတိဖြင့် တည်ဆောက်မည်။


ကျောက်စိမ်းတန် ၇၀၀ ကိုအသုံးပြု

၍ မန္တလေးမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းဓမ္မာရုံ တည်ဆောက်လှူဒါန်းမည်ဖြစ်ကြောင်း တည်ဆောက်လှူဒါန်းမည့်
အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးစိုးနိုင်ကပြောသည်။
ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းဓမ္မာရုံကို မန္တလေးမြို့တောင်ဘက်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမဘေး၊ အမရပူရမြို့နယ်၊ ဆင်ရာမြင်းမူး ကျေးရွာအနီးတွင် တည်ထားကိုးကွယ်မည်ဖြစ်ပြီး
စေတီတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သာသနာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း ဦးစိုးနိုင်ကပြောသည်။

ကျောက်စိမ်းစေတီတည်ရာတွင် အုတ်နှင့်သာမန်ကျောက်များ အသုံးပြုမည်မဟုတ်ဘဲ ဖောင်ဒေးရှင်းမှစ၍ ကျောက်စိမ်းကိုသာ အသုံးပြုမည်ဖြစ်ပြီး ဖောင်ဒေးရှင်းရှစ်ပေ၊ စေတီ ၃၁ ပေ၊ စုစုပေါင်း ဥာဏ်တော်အမြင့်လုံးပတ်၃၉ ပေရှိ စေတီအပြင် ကျောက်စိမ်း

ဓမ္မာရုံတွင်လည်း ကျောက်စိမ်းပါကေးများ ခင်းကျင်းထားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းစေတီ အတွင်းပိုင်းတွင်လည်း နှစ်ပေခွဲအမြင့်ရှိ

ကျောက်စိမ်းဆင်းတုနှစ်ဆူ ထားရှိမည်ဖြစ်ပြီး ၎င်းဆင်းတုနှစ်ဆူကို ယခုအခါ ထုဆစ်နေပြီဖြစ်သည်။ စေတီထုဆစ်ခ လက်ခအနေဖြင့်ပင် ငွေကျပ်သိန်း ၁၀၀ ပေးချေခဲ့ရကြောင်း ဦးစိုးနိုင်ကပြောသည်။

"ကျောက်စိမ်းစေတီတည်ဖို့က ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကလည်း ရပြီးဖြစ်လို့ ကျွန်တော့်အနေနဲ့ကတော့

သေချာတည်ထားမှာပါ" ဟု ဦးစိုးနိုင်ကပြောသည်။

ကမ္ဘာ့ပထမဆုံး ကျောက်စိမ်းစေတီကို တည်ထားကိုးကွယ်နိုင်ရန်အတွက် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကြိုးပမ်းစုဆောင်းခဲ့ရာ ယခုအခါတွင် ကျောက်စိမ်းတန် ၅၀၀ ခန့် စုဆောင်းထားပြီးဖြစ်ကြောင်း၊ မူလက ပုဂံညောင်ဦးဒေသတွင် ကျောက်စိမ်းစေတီတည်ရန် စီစဉ်ခဲ့သော်လည်း ပုဂံညောင်ဦးဒေသမှာ ရှေးဟောင်းယဉ်ကျေးမှုဇုန်ဖြစ်၍ သာသရေးဝန်ကြီးဌာနနှင့်ညှိုနှိုင်းကာ ယခု အမရပူရမြို့နယ် ဆင်ရွာမြင်းမူးရွာအနီးတွင် တည်ထားရခြင်းဖြစ်ကြောင်း ဦးစိုးနိုင်ကပြောသည်။


"စေတီပန္နက်တင်တယ်ကြားတယ်။ အရင်ကတော့

ကျောက်စိမ်းစေတီဆိုတာ မြန်မာမှာရော ကမ္ဘာမှာပါ
ရှိတယ်လို့မကြားမိဘူး။ အလှူရှင်ရဲ့ စေတနာပဲ။ ကျောက်စိမ်းနဲ့ အကျိုးပေးတယ် အောင်မြင်တယ်ထင်လို့ လှူတာနေမှာပေါ့" ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မန္တလေး) ဒုဥက္ကဋ္ဌ ဒေါ်ခင်လေးနွယ်က သုံးသပ်ပြောကြားသည်။

ဘာသာရေးအထွတ်အမြတ်အနေဖြင့် တည်ထားခြင်းဖြစ်သလို ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ပြီး ဒေသခံပြည်သူလူထု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ဝင်ငွေရရှိကာ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုလျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ ကူညီပေးလို၍ တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးစိုးနိုင်ကပြောသည်။


ယခု ကျောက်စိမ်းစေတီ တည်ဆောက်မည့်မြေနေရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတကာအဆင့်မီ ကျောက်မျက်ဈေး တည်ဆောက်နိုင်ရန် စီစဉ်နေပြီး ထိုကျောက်မျက်ဈေးတည်ဆောက်မှု စတင်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းစေတီ တည်ဆောက်ခြင်းကိုလည်း စတင်မည်ဖြစ်ပြီး ယခုအခါ စေတီတည်ဆောက်ရန် စက်ယန္တရားများပင် အဆင်သင့်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


ကျောက်စိမ်းစေတီ တည်ဆောက်ပြီးပါက နိုင်ငံတော်သို့ အပြီးအပိုင် လှူဒါန်းမည်ဖြစ်ပြီး စေတီတည်ဆောက်မည့် ကျောက်စိမ်းများတွင်

မြန်မာနိုင်ငံ ကျောက်မျက်ရတနာပြပွဲများ၌ တင်ပြရောင်းချနိုင်သည့် အရည်အသွေးရှိ ကျောက်စိမ်းတွဲများပါဝင်ကြောင်း အလှူရှင် ကျောက်မျက်ကုမ္ပဏီထံမှ သိရသည်။
 
 
                                                          Facebook မှပြန်လည်မျှဝေပါသည်။
 

No comments:

Post a Comment

သင့်ရဲ့အားပေးစကားတခွန်းကစာရေးရသူအတွက်အားဆေးတခွက်ပါ